ကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ
နေ့စဥ် လူတွေသေဆုံးနေကြတဲ့ အကြောင်းရင်းတွေထဲမှာ ကင်ဆာကြောင့်လည်း ရာခိုင်နှုန်းတော်တော်များများ ပါဝင်ပါတယ်။ အများစုဟာ ရောဂါလက္ခဏာတွေ ခံစားရမှသာ ကင်ဆာရှိမှန်း သိကြပြီး သိတဲ့အချိန်မှာလည်း ရောဂါက ကျွမ်းနေတာကြောင့် ကုသလို့မရနိုင်ဘဲ သေဆုံးကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ကမ္ဘာပေါ်မှာ ကင်ဆာရောဂါကြောင့် သေဆုံးမှုဟာ အများဆုံးဖြစ်ပြီး ၂၀၂၂ တစ်နှစ်တည်းမှာ ကင်ဆာကြောင့် သေဆုံးသူ ၁၀ သန်းခန့် ရှိပါတယ်။ အဖြစ်အများဆုံးကင်ဆာရောဂါဟာ ရင်သားကင်ဆာဖြစ်ပြီး သေဆုံးမှုအများဆုံးကင်ဆာကတော့ အဆုတ်ကင်ဆာဖြစ်ပါတယ်။
ခန္ဓာကိုယ်ရဲ့ ပုံမှန်ဆဲလ်တွေက ကင်ဆာဆဲလ်တွေအဖြစ် ပြောင်းသွားပြီး ပွားများလာဖို့ အကြိုကင်ဆာအဆင့်ကနေ အဆင့်များစွာ လိုပါတယ်။
ကင်ဆာဟာ မျိုးရိုးဗီဇကြောင့်အပြင်…
- Physical Carcinogens လို့ခေါ်တဲ့ UV ရောင်ခြည်နဲ့ Radiation ဓာတ်ရောင်ခြည်တွေ
- Chemical Carcinogens တွေဖြစ်တဲ့ ဆေးလိပ်၊ အရက်၊ Aflatoxin မှို၊ အာဆင်းနစ်ဓာတ်၊ Abestos လို့ခေါ်တဲ့ ကျောက်ဂွမ်းစတာတွေ
- Biological Carcinogens တွေဖြစ်တဲ့ တချို့သော ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်တွေ (အသည်းရောင်အသားဝါ B ပိုးနဲ့ C ပိုး၊ Human Papilloma Virus (HPV) စသည်) ကြောင့် ဖြစ်တာပါ။
ကင်ဆာရောဂါတွေရဲ့ ၃၀% ကနေ ၅၀% ထိကို ကြိုတင်ကာကွယ်လို့ ရပါတယ်။
ဘယ်လိုကာကွယ်မလဲ?
- ဆေးလိပ်နဲ့ ဆေးရွက်ကြီးသောက်တတ်ရင် ဖြတ်ပါ။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးက အဆုတ်ကင်ဆာ၊ အသက်ရှူလမ်းကြောင်းနဲ့ ခံတွင်းကင်ဆာအပြင် ကင်ဆာအတော်များများကို ဖြစ်စေတဲ့ တရားခံပါ။
- အဝမလွန်အောင် ထိန်းပါ။ အဝလွန်တာက အသည်းအဆီဖုံးပြီး အသည်းကင်ဆာ ဖြစ်နိုင်ခြေရှိသလို ဆီးချို၊ သွေးတိုး၊ နှလုံးလို နာတာရှည်ရောဂါတွေလည်း ဖြစ်စေပါတယ်။
- အရက်ဖြတ်ပါ၊ မဖြတ်နိုင်ရင် လျှော့သောက်ပါ။ အရက်က အသည်းခြောက်၊ အသည်းကင်ဆာကို ဖြစ်စေပါတယ်။
- အသည်းရောင်အသားဝါဘီပိုး နဲ့ HPV ကာကွယ်ဆေး ထိုးထားပါ။ HPV ကြောင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။
- နေပူထဲသွားရင် ထီးဆောင်းတာ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ထမီဝတ်တာ၊ နေရောင်ကာခရင်မ် မပျက်မကွက်လိမ်းတာက UV ရောင်ခြည်တွေကြောင့် အရေပြားကင်ဆာ ဖြစ်ခြင်းမှ ကာကွယ်ပေးမှာပါ။
- လိုအပ်လို့ ဓာတ်မှန်ရိုက်ရတဲ့အခါ ဓာတ်ရောင်ခြည်တွေ အများကြီး မသင့်ရအောင် ဂရုစိုက်ပါ။
- အိမ်တွင်းအိမ်ပြင် လေထုညစ်ညမ်းခြင်း၊ ရေဒီယိုသတ္တုကြွ ပစ္စည်းတွေနဲ့ ထိတွေ့ခြင်းမှ ကာကွယ်ပါ။
- ကျန်းမာစေတဲ့ အစားအသောက်တွေ စားပါ။ အသီးအရွက်များများစားပါ။ Aflatoxin မှိုပါတတ်တဲ့ ငရုတ်သီးမှုန့်တွေ၊ မြေပဲတွေ၊ မှိုတက်နေတဲ့ အစားအစာတွေ ရှောင်ပါ။
- နေ့စဥ် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။
ကျန်းမာနေတဲ့ ခန္ဓာကိုယ်ထဲကို ဘယ်ရောဂါမှ ဝင်မလာနိုင်ပါဘူး။ အခုပြောခဲ့တဲ့ အချက်တွေကို လိုက်နာရင် ကင်ဆာကို ကာကွယ်နိုင်သလို တခြားနာတာရှည်ရောဂါတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်တဲ့အပြင် နုပျိုလှပကျန်းမာလာမှာ အသေအချာပါပဲ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင်တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်